ဘူးရွက်မညှိုးလမ်း

From Arakan Wikipedia
Jump to: navigation, search
Sample Image

ရခိုင်ဝေသာလီနှင့် ပုဂံကို ပေါက်ရောက်သောလမ်းအဖြစ် ထင်ရှားခဲ့သည်။ ရခိုင်မှ မင်းဘူး-မကွေး အထိ ၁၂၉ မိုင်ရှည်သည်။ ဤလမ်းစတင်ရာအရပ်ဟု ဘူးရွက်မညှိုးရွာဟူ၍ ဝေသာလီမြို့တော်ဟောင်းအနီး ရမ်းချောင်းလက်ျာကမ်းတွင် ယခုတိုင်ရှိသည်။ ယင်းက အရှေ့ဘက်ရှိ တောင်တန်းငယ်ကို ကျော်လျင် ခြိပ်မြို့ဟောင်း၊ ယင်းကမှ လေးမြို့ချောင်းကိုကူးကာ ဝက်ချောင်း၊ သံချောင်းတို့ကို ဖြတ်၍ ချောင်းဖျားမှတစ်ဆင့် ရိုးမတောင်ကို ဖြတ်ကျော်ရသည်။ မဟာမုနိဘုရားကိုပင့်ဆောင်ရန် ပုဂံက စတင်ဖေါက်ခဲ့သည်ဟူ၏။

တောင်ကျော်လမ်းတို့တွင် ဤလမ်းသည် ခရီးကြမ်းတမ်းသော်လည်း အတိုဆုံး ဖြစ်ခဲ့သည်။ ခရီးအစ၌ ဘူးရွက်တစ်ရွက်ကိုခူး၍ ယူဆောင်သွားသော် ခရီးအဆုံးတွင် ထိုအရွက်သည် မညှိုးသဖြင့် လမ်းအမည် တွင်သည်ဟူ၏။ အိန္ဒိယယဉ်ကျေးမှုသည် ဤလမ်းမှတစ်ဆင့် မြန်မာအလယ်ပိုင်းသို့ ဝင်ရောက်ခဲ့သလို ကုန်းတွင်းမြို့ပြ ဒေသများသည်လည်း ဤလမ်းမှတစ်ဆင့် ရခိုင်မြောက်ပိုင်းရှိ ပင်လယ်ဆိပ်ကမ်းများကို ပင်လယ်ထွက်ပေါက်အဖြစ် အသုံးပြုခဲ့ကြဟန် တူသည်။ စစ်မဖြစ်မီ ကပင် ယခုအထိ အသုံးပြုနေသော လမ်းတစ်ခု ဖြစ်၏။ မြောင်းဘွေမြို့မှ လောင်းရှည်မြို့ထိ နွားဝန်တင်ဖြင့် ခပ်ပြင်းပြင်း သွားသော် ၄ ရက်မျှဖြင့် ရောက်နိုင်သည်ဆို၏။ လမ်းတွင်လေးမြို့၊ ကနန်း၊ ပူဇော် (ပဇာ)၊ ကျင်တွေစသည့် စခန်းများ ရှိသည်ဟူ၏။

ကိုးကား

၁။ ရခိုင်သုတအဘိဓာန် - အောင်လှသိန်း (၂၀၁၅)