မူဂျာဟစ်
မြန်မာနိုင်ငံ လွတ်လပ်ရေး မရမီကလေးကပင် မယူဒေသ၌ နိုင်ငံတော်နှင့် ဒေသခံရခိုင် အမျိုးသားအား လက်နက်ကိုင်၍ တိုက်ခိုက်ခဲ့သော မူဆလင်သူပုန်အဖွဲ့ ဖြစ်သည်။ ဘူးသီးတောင် မောင်တောဒေသကို သီးခြားမူဆလင်မြေဖြစ်စေရန်နှင့် ပါကစ္စတန်နိုင်ငံနှင့် ပူးပေါင်းရန် အကြမ်းဖက်တောင်းဆို ခဲ့ကြသည်။ ဤအဖွဲ့ကို ဂျမီးရာတူဦလ်မာ ဘာသာရေးအဖွဲ့က လျှို့ဝှက်ဖွဲ့စည်းခဲ့ပြီး အဗ္ဗဒူ(လ်)ကာဆိန်းက ခေါင်းဆောင်သည်။ ၎င်းအဖွဲ့သည် လူမျိုးရေးနှင့် ဘာသာရေး အဓိကရုဏ်းများစွာကို ဖန်တီးသည်။ ရခိုင်လူမျိုးများအား သတ်ဖြတ်ခြင်း၊ ရခိုင်ရွာများအား ရွာလုံးကျွတ် တိုက်ခိုက်လုယက်၍ မီးရှို့ဖျက်ဆီးခြင်း၊ ဗုဒ္ဓဘာသာ ရခိုင်အမျိုးသမီးများအား မတရားကျင့်ကြံ စော်ကားခြင်း၊ ဘုရားကျောင်းကန်များကို ဖျက်ဆီးခြင်းစသည်များ ပြုလုပ်ခဲ့ကြသည်။
လွတ်လပ်ရေးရစကာလတွင် မူဂျာဟစ်များကို ဗမာ့သေနတ်ကိုင် တပ်ရင်း(၅)က ထိုးစစ်ဆင်တိုက်ခိုက်ခဲ့သည်။ ၁၉၄၉ ခုနှစ်တွင် ထိုတပ် ပြည်မသို့ ရွှေ့သွားသည်။ မူဂျာဟစ်တို့၏အင်အားသည် ၁၉၄၈ ခုနှစ်တွင် ၁၀၀၀ ခန့်ရှိရာမှ ၁၉၄၉-၅၁ ခုတွင် ၁၅၀၀ အထိ တိုးလာခဲ့သည်။ ၁၉၅ဝပြည့်နှစ် နှစ်ဆန်းပိုင်းတွင် ဘူးသီးတောင်ကို အရက် ၄ဝကြာ ဝိုင်းဝန်းတိုက်ခဲ့သည်။ အစိုးရက ၁၉၅၁ ခု မတ်လ၊ ၁၉၅၂ခုနှစ် အောက်တိုဘာ (မေယုစစ်ဆင်ရေး)၊ ၁၉၅၄ ခုနှစ် နိုဝင်ဘာ မုတ်သုံစစ်ဆင်ရေး ဆင်နွဲခဲ့သည်။ အစိုးရထိုးစစ်ကြောင့် မူဂျာဟစ်ခေါင်းဆောင် အများအပြား သေဆုံးသည်။
၁၉၅၄တွင် မူဂျာဟစ်အင်အား ၄၀၀ မှ ၁၉၅၅နှစ်ဦးတွင် အင်အား၂၀၀ ထိ လျော့ကျသွားသည်။ ၁၉၅၅မှ ၁၉၅၈ထိ ကာလများအတွင်း မူဂျာဟစ်များ ပြောပလောက်အောင် မကျန်တော့ချေ။ ခေါင်းဆောင်ကာဆိန်းမှာ တစ်ဘက်နိုင်ငံသို့ တိမ်းရှောင်သွားသည်။ ၁၉၆၀-၆၁ ခုတွင် ၎င်းတို့ နလန်ထူနိုင်ခြင်း မရှိတော့ချေ။
၁၉၆၀ မှစ၍ ဇော်ဖေါ၊ ထို့နောက် ဘီအေဇော်ဖေါက ဦးဆောင်ကာ အသွင်အမျိုးမျိုးဖြင့် လှုပ်ရှားခဲ့ကြသည်။ အစိုးရ၏ ထိုးစစ်ကြောင့် ၁၉၇၅ ခုနှစ်ဦးမှစ၍ မူဂျာဟစ်အဖွဲ့ ပြိုပျက်သွားကာ ဘင်္ဂလားဒေ့ရှ် နိုင်ငံဘက်သို့ တိမ်းရှောင် ခိုလှုံသွားကြသည်။
ကိုးကား
၁။ ရခိုင်သုတအဘိဓာန် - အောင်လှသိန်း (၂၀၁၅)