ဖရုံကာကျွန်းများ

From Arakan Wikipedia
Revision as of 00:23, 12 October 2024 by Kyawtwankhine (talk | contribs)
(diff) ← Older revision | Latest revision (diff) | Newer revision → (diff)
Jump to: navigation, search
Sample Image

ကုလားတန်မြစ်ဝ အရှေ့ဘက်တွင် တစ်ကျွန်းနှင့်တစ်ကျွန်း ပြိုင်လျက်ရှိသည့် ကျွန်းသုံးကျွန်း ဖြစ်သည်။ အနောက်မြောက်မှ အရှေ့တောင်သို့ ဆင်းသွားသော တွန့်ခေါက်တောင်ကျွန်းကြီးများ ဖြစ်ကြသည်။ အရှေ့ဘက်တွင် ကောင်တာမိယာ ပင်လယ်ကွေ့၊ တောင်ဘက်နှင့် အနောက်ဘက်တို့တွင် ဘင်္ဂလားပင်လယ်အော်နှင့် မြောက်ဘက်တွင် ကျွဲကူးမြစ်တို့က ပိုင်းဖြတ်ထားသည်။

အရှေ့ဖရုံကာကျွန်းခေါ် အင်ဂြင်းချိုင်ကျွန်းသည် ၂၅မိုင်မျှရှည်ပြီး တောင်ဘက်သို့ သေးသွယ်သွားသည်။ အကျယ်ဆုံးနေရာတွင် နှစ်မိုင်မျှသာ ရှိသည်။ အမြင့်ဆုံးတောင်မှာ ၅၃၁ ပေမြင့်သည်။ အင်္ဂလိပ်ခေတ်က လက်ယက်တွင်းများဖြင့် ရေနံထုတ်လုပ်ခဲ့သည်။ အလယ်ဖရုံကာခေါ် ပိန္နဲချောင်းကျွန်းသည် ၂၇ မိုင်မျှ ရှည်သည်။ မြောက်ပိုင်းတွင် ခြောက်မိုင်မျှကျယ်သော လွင်ပြင်ကျယ်ရှိပြီး တောင်ပိုင်းသို့ သေးသွယ်သွားသည်။ အမြင့် ဆုံးတောင်မှာ ၁၀၃၀ ပေ မြင့်သည်။

ကျွန်း၏အနောက်ဘက် ကမ်းခြေတွင် ဆင်တက်မော်ရွာကြီး ရှိသည်။ ဤရွာအနီးတွင် ဘရုဂစ္ဆကသင်္ဘောဆိပ် ရှိခဲ့သည်ကို အစွဲပြု၍ ဖရုံကာကျွန်းများဟုအမည်တွင်ခြင်း ဖြစ်သည်။ အလယ်ဖရုံကာတွင် ဖဒူရွာထင်ရှားသဖြင့် ဖဒူကျွန်း၊ မဟာပိန္နဲနတ်ကိုးကွယ်မှုရှိခဲ့သဖြင့် ပိန္နဲချောင်းကျွန်းဟုလည်း အသီးသီး တွင်သည်။

အနောက်ဖရုံကာဟုခေါ်သော မြေငူကျွန်းသည် ၁၉ မိုင်မျှ ရှည်သည်။ မြောက်ပိုင်းတွင်သာ လွင်ပြင်ကျယ်ရှိသည်။ တောတောင်ထူထပ်သဖြင့် ကျဉ်းမြောင်းသောကမ်းခြေ ရှိသည်။ အမြင့်ဆုံးတောင်မှာ ၉၆၃ ပေမြင့်ပြီး မီးပြတောင် ဖြစ်သည်။ တောင်ဘက်အစွန်း အနောက်ဘက်ကမ်းခြေတွင် ဆံတော်ရှင်စေတီ ကိန်းဝပ်သည်။ ထို့ကြောင့် ဆံတော်ရှင်ကျွန်းဟုလည်း တွင်သည်။ ကျွန်း၏မြောက်ဘက်တွင် မေးငူတော်ဓါတ်ရှိသဖြင့် မြေငူကျွန်းဟုလည်း တွင်သည်။


ကိုးကား

၁။ ရခိုင်သုတအဘိဓာန် - အောင်လှသိန်း (၂၀၁၅)