မဟာမုနိ
ရခိုင်ကိုးကွယ်မှုတွင် အထွတ်အမြတ်ဆုံးနှင့် ကနဦးဆုံးသော ဆင်းတုတော် ဖြစ်သည်။ သေလာဂီရိဗျာဒိတ်ဝင် တစ်ဆူဖြစ်သည်။ ရခိုင်ဘုရင်စန္ဒသူရိယမင်းက တောင်းပန်သဖြင့် သျှင်တော်ဗုဒ္ဓက ခွင့်ပြုတော်မူ၍ ဘီစီ ၅၅၄ ခု ကဆုန်လပြည့်နေ့တွင် ရတနာငါးပါးဖြင့် သွန်းလုပ်ခဲ့သည်ဟု အယူရှိကြသည်။
သွန်းစက်တော် သက်တော် ၁၆၀၀ နှစ် ကျော်လွန်သည့်အခါ ပုဂံအနော်ရထာမင်းနှင့် အလောင်းစည်သူတို့က ပင့်ယူရန် ကြိုးစားခဲ့ကြသည်။ ပဉ္စာစစ်ပွဲတွင် ၁၁၀၃ ခုနှစ်၌ ပင့်မရ၍ ဖိုကျင်ထိုးခံခဲ့ရပြီး မထင်မရှား ဖြစ်ခဲ့ရသည်။ အနှစ် ၂၀ ကြာပြီးမှ ဒသရာဇာမင်းကြီးက တောထဲမှ ခက်ခက်ခဲခဲ ရှာဖွေကာ မူလကုန်း တော်သီရိကုတ်သို့ ပြန်လည်ပင့်ဆောင် ကိုးကွယ်ခဲ့သည်။ မင်းအဆက်ဆက်တို့ကလည်း စဉ်ဆက်မပြတ် ကိုးကွယ်ပူဇော် ခဲ့ကြသည်။
၁၇၈၅ ခုနှစ်တွင် မြောက်ဦးမြို့တော်ကျပြီးနောက် မြန်မာ အိမ်ရှေ့မင်းက ဉာဏ်တော် ၁၂ ပေ ၇ လက်မရှိသော မဟာမုနိ သွန်းဆင်းတုတော်ကြီးကို အမရပူရသို့ ပင့်ဆောင်သွားခဲ့သည်။ ရခိုင်ဘုရားကြီးဟု ယခုမန္တလေးမြို့တွင် အမည်တွင်သည်။ မူလ သီတင်းသုံးခဲ့ရာ ကုန်းတော်မှာ ဓညဝတီမြို့တော်ဟောင်းတွင် ရှိသည်။
ကိုးကား
၁။ ရခိုင်သုတအဘိဓာန် - အောင်လှသိန်း (၂၀၁၅)