မင်းရာဇာကြီး
မင်းရာဇာကြီး (နန်းစံ ၁၅၉၃-၁၆၁၂)
မြောက်ဦးမြို့တော်၏ ဩဇာတိက္ကမကို အကျယ်ပြန့်ဆုံး ဖြန့်ကြက်စေနိုင်သူ ဖြစ်သည်။ ခမည်းတော် မင်းဖလောင်းကို ဆက်ခံသည်။
နန်းသက်နှစ်နှစ်တွင် စစ်တကောင်းနှင့် အနောက်တလွှားကို ခိုင်ခန့်အောင် စီမံခဲ့သည်။ ၁၅၉၈ ခုနှစ်တွင် တောင်ငူဘုရင်က ပင့်ဖိတ်၍ ဟံသာဝတီကို ကိုယ်တိုင်ချီတက်ကာ သိမ်းပိုက်ခဲ့သည်သာမက ယိုးဒယားရန်စစ်ကိုပါ ချေမှုန်းနိုင်ခဲ့သည်။ သံလျှင်တွင် ငဇင်္ကာကို အစောင့်ချထားခဲ့ပြီး ပြန်လာသည်။ စစ်သုံ့ပန်း တို့ကို နိုင်ငံစစ်အင်အားဖြစ်အောင် တပ်များဖွဲ့ကာ ဆောင်ရွက်ခဲ့သည်။ နောင်တွင် သံလျှင်ကို လက်လွှတ်လိုက်ရသော်လည်း အနောက်အရေးကို အားသွန်ခဲ့လေသည်။ ထိုမျက်နှာတွင် ပြိုင်ဖက်မှာ မောင်းကွပ်တို့သာ ဖြစ်လေသည်။
မင်းကြီးသည် သာသနာ့ဒါယကာ ဖြစ်သည်။ သီဟိုဠ်သို့ သာသနာပြု စေလွှတ်ခဲ့သည်။ မဟာမုနိတွင် ပဥ္စင်းတစ်သောင်း ခံပွဲပြုခဲ့သည်။ ကုသိုလ်တော်မှာ ဘုရားပေါ် ဖြစ်သည်။ သားတော်မင်းခမောင်းကို အုပ်ထိန်းရ ခက်သော်လည်း ထီးမွေပေးခဲ့သည်။
မင်းရာဇာကြီး၏ ဒင်္ဂါးတွင် ‘၉၅၅ နရာဓိပတိ ဆောလိမ်သျှာ’ တစ်မျိုး၊ ‘၉၆၃ ဆင်ဖြူသျှင် နရာဓိပတိဆောလိမ်သျှာ’ တစ်မျိုး တွေ့ရသည်။
ကိုးကား
၁။ ရခိုင်သုတအဘိဓာန် - အောင်လှသိန်း (၂၀၁၅)