မြောက်ဦးခေတ်

From Arakan Wikipedia
Jump to navigation Jump to search
Sample Image

လေးမြို့ခေတ်ကို ဆက်ခံသည်။ ၁၄၃၀ မှ ၁၅၃၁ ထိ မြောက်ဦးခေတ်ဦးကာလတွင် မြို့တော်ကို ပန္နက်ချကာ ပြုစုပျိုးထောင်ခဲ့သည်။ မင်းပေါင်း ၁၂ မင်း စိုးစံခဲ့ကြသည်။ မင်းခရီနှင့် သူ၏သားတော် ဘစောဖြူမင်း လက်ထက်အထိ နှစ်ပေါင်း ၄၈ နှစ်သည် ခိုင်ခန့်စည်ပင်ခဲ့သည်။ ပင်းဝါ၊ သံတွဲနှင့် စစ်တကောင်းတို့သည် လက်ဝင်ပြန်ဖြစ်ခဲ့ ကြသည်။ ထို့နောက် ဆွေတော်မျိုးတော် အချင်းချင်း အားပြိုင်မှုကြောင့် အင်အားချိနဲ့ သွားသည်။

၁၅၃၁ မှ ၁၆၃၈ ထိသည် မြောက်ဦးခေတ်လယ်ကာလ ဖြစ်သည်။ မင်းဘာကြီး နန်းရမှုဖြင့် စတင်သည်။ မင်းဘာကိုးဆက် နန်းစံခဲ့သည်။ မြောက်ဦးခေတ်၏ ရွှေရောင် လွှမ်းမိုးသောကာလ ဖြစ်သည်၊ ဘုန်းတန်ခိုးလည်း အထွတ်အထိပ်သို့ ရောက်ခဲ့သည်။ မင်းဖလောင်းနှင့် သားတော်မင်းရာဇာကြီး လက်ထက်တို့တွင် အင်အားတောင့်တင်းခဲ့သည်။ မင်းရာဇာကြီး လက်ထက်တွင် ရခိုင်နယ်နိမိတ်သည် အကျယ်ပြန့်ဆုံးသို့ ရောက်ခဲ့သည်။

၁၆၃၈ မှ ၁၆၈၅ ထိသည် မြောက်ဦးအကျကာလ ဖြစ်သည်။ နရပတိကြီးက နန်းလုသည်နှင့် စတင်ခဲ့သည်။ ပညာရှိများ ဆုံးရှုံးခဲ့ပြီး တိုင်းပြည်အင်အား ကျလာခဲ့သည်။ ၁၆၈၅ မှ ၁၇၁၀ ထိသည် မင်းမတည် ပြည်မရပ်ကာလ ဖြစ်သည်။

၁၇၁၀ မှ ၁၇၈၅ ထိသည် မြောက်ဦး ခေတ်နှောင်းကာလ ဖြစ်သည်။ စန္ဒဝိဇယမင်း၏ ၂၁ နှစ်ကြာအုပ်ချုပ်စဉ် အဦးပိုင်းတွင် ရခိုင်အင်အား ပြန်လည်ဦးမော့အောင် စွမ်းဆောင်နိုင်သော်လည်း နောက်ပိုင်းတွင် ညံ့ဖျင်းလာခဲ့သည်။ ၁၇၃၁ တွင် ၎င်းလွန်ပြီးနောက် မင်းညံ့များ နန်းလုတက်လာခဲ့သည်။ နရအဘယ (နန်းစံ ၁၉ နှစ်) နှင့် အဘယမဟာ (နန်းစံ ၉) တို့သည် နန်းသက်ရှည် ကြသော်လည်း တိုင်းပြည်အင်အားမှာ တောင့်တင်း မလာခဲ့ကြချေ။

၁၇၇၄ တွင် စန္ဒသုမနသည် ပုန်ကန်နန်းတက်ခဲ့ရာ တပ်အင်အားသာမက စီးပွားရေး အင်အားလည်း တဟုန်ထိုး ကျဆင်းခဲ့သည်။ ၎င်းကို မင်းနှစ်မင်းက ဆက်ခံခဲ့ပြီး အမရပူရက တိုက်ခိုက် သိမ်းပိုက်သဖြင့် ၁၇၈၅ ခုတွင် မြောက်ဦးကျလေသည်။ မြို့ဝန်ခေတ်က ဆက်ခံသည်။

ကိုးကား

၁။ ရခိုင်သုတအဘိဓာန်အောင်လှသိန်း